ဂျပန်နိုင်ငံ၊ အီရှိကာဝါပြည်နယ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်နှင့်ပတ်သက်၍ မြန်မာသံရုံး၊ တိုကျိုမြို့မှ ဆောင်ရွက်ပေးခဲ့သည့် ကိစ္စရပ်များ

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်

 

၁။      ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က ဂျပန်နိုင်ငံ၊ အီရှိကာဝါပြည်နယ်တွင် အင်အား ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် Tsunami သတိပေးချက်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အဆိုပါနေ့တွင် ဂျပန်နိုင်ငံ၌ နေထိုင်ကြ သည့် မြန်မာနိုင်ငံသားများအတွက် သဘာဝဘေးအန္တရာယ်အသိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး အီရှိကာဝါပြည်နယ်နှင့် ငလျင်ဒဏ်ဘေးသင့်ဒေသများတွင် နေထိုင်နေကြသည့် မြန်မာနိုင်ငံသား များအနေဖြင့် ဒေသအာဏာပိုင်များ၏ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ချက်များကို အထူးအလေး ထားစောင့်ကြည့်ရန်နှင့် အကူအညီ လိုအပ်ပါက သံရုံး၏ Hot Line ဖုန်းနံပါတ်သို့ ဆက်သွယ်နိုင် ကြောင်း ထုတ်ပြန်ခဲ့ပါသည်။

 

၂။       အီရှိကာဝါမြေငလျင်ကြောင့် လူပေါင်း ၂၃၂ ဦးကျော် အသက်ဆုံးရှုံးခဲ့ပြီး အဆိုပါဒေသတွင် နေထိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားများအပါအဝင် ဒေသခံပြည်သူအများအပြား ငလျင်ဒဏ် ကို အပြင်းအထန်ခံစားခဲ့ကြရပါသည်။ အီရှိကာဝါဒေသနေ မြန်မာနိုင်ငံသားများအား ဒေသ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများမှ ကူညီလမ်းပြစောင့်ရှောက်ပေးခဲ့မှုများအတွက် မြန်မာသံရုံး အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။ သံအမတ်ကြီးဦးစိုးဟန် ဦးဆောင်သည့် အဖွဲ့သည် ၂၀-၁-၂၀၂၄ ရက်နေ့တွင် အီရှိကာဝါပြည်နယ်၊ နာနာအိုမြို့သို့ သွားရောက်၍ မြန်မာ သံရုံး၊ တိုကျိုမြို့မှ ဝန်ထမ်းများ၊ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်များ၊ ဂျပန်နိုင်ငံရောက် မြန်မာ ပညာတော်သင်များ၊ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် ကုမ္ပဏီများ၏ စုပေါင်းထည့်ဝင်မှုဖြင့် ယန်း ၁.၉၈ သန်းအား လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန် နာနာအိုမြို့တော်ဝန် Mr. Yoshitaka ထံသို့ လှူဒါန်းခဲ့ပါသည်။

 

၃။      မြန်မာအစိုးရမှလည်း အီရှိကာဝါငလျင်နှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်း များအတွက် အထောက်အကူဖြစ်စေရန် ဂျပန်ကြက်ခြေနီအသင်းသို့ အမေရိကန် ဒေါ်လာ ၁ သိန်း နှင့်ညီမျှသည့် ယန်းငွေ ၁၄,၉၄၂,၀၀၀ အား လှူဒါန်းခဲ့ရာ သံအမတ်ကြီး ဦးစိုးဟန်မှ ဂျပန် ကြက်ခြေနီအသင်းဥက္ကဋ္ဌ Mr. Atsushi Seike ထံသို့ ၁၁-၃-၂၀၂၄ ရက်နေ့တွင် လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့ပါသည်။

 

၄။      အီရှိကာဝါပြည်နယ်၊ Shika မြို့ရှိ လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတွင် အလုပ်လုပ် ကိုင်နေကြသည့် မြန်မာနိုင်ငံသား အမျိုးသမီး (၁၂) ဦး၊ Nanao မြို့ရှိ စားသောက်ကုန်စက်ရုံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား အမျိုးသမီး (၁၆) ဦး၊ စုစုပေါင်း (၂၈) ဦးနှင့် မြန်မာ သံရုံးမှ အဆက်အသွယ်ရရှိခဲ့ရာ သံအမတ်ကြီးဦးစိုးဟန်နှင့်အဖွဲ့သည် ၂၇-၁-၂၀၂၄ ရက်နေ့တွင် Shika မြို့နှင့် Kanazawa မြို့များသို့သွားရောက်၍ ၎င်းတို့အတွက် ယန်းငွေ ၁၅၀,၀၀၀ ကျော် တန်ဖိုးရှိသည့် ဆေးဝါး၊ ရေနှင့် အစားအသောက်များကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ၎င်းတို့၏ အလုပ် အကိုင်တွင် ကြုံတွေ့နေရသော အခက်အခဲနှင့်ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဂျပန်နိုင်ငံ၏ ဥပဒေအရ ရသင့်ရထိုက်သည်များ ရရှိစေရန် ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ပါသည်။

 

၅။      အဆိုပါ မြန်မာနိုင်ငံသား (၂၈)ဦးအနက် အမျိုးအစားတူ အလုပ်အကိုင်သစ်သို့ ပြောင်းရွှေ့ လုပ်ကိုင်ရန် ဆန္ဒရှိသည့် မြန်မာနိုင်ငံသား (၇) ဦးအား လုပ်ငန်းပြောင်းရွှေ့နိုင်ရေးအတွက် သံရုံးမှ သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းဗီဇာအမျိုးအစားတူ မြန်မာ နိုင်ငံသား(၅) ဦးအား Ibaraki ပြည်နယ်ရှိ လုပ်ငန်းတစ်ခုသို့လည်းကောင်း၊ မြန်မာနိုင်ငံသား (၂) ဦးအား Chiba ပြည်နယ်ရှိ လုပ်ငန်းတစ်ခုသို့လည်းကောင်း၊ ပြောင်းရွှေ့ပေးခဲ့ပြီး ၎င်းတို့သည်     ၁၈-၃-၂၀၂၄ ရက်နေ့နှင့် ၂-၄-၂၀၂၄ ရက်နေ့တို့တွင် လုပ်ငန်းခွင်အသစ် အသီးသီးတွင် စတင် လုပ်ကိုင်နေကြပြီ ဖြစ်ပါသည်။ ဂျပန်နိုင်ငံ၏ တည်ဆဲဥပဒေအရ အလုပ်သင်လုပ်သမားများသည် (၃) နှစ်အတွင်း လုပ်ငန်းပြောင်းရွှေ့ခွင့်မရှိသော်လည်း ငလျင်ဒဏ်ဘေးဒေသဖြစ်သည့်အတွက် ဂျပန်အစိုးရမှ အထူးခွင့်ပြုချက်ဖြင့် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး သံရုံးမှ အလုပ်ရှင်ဟောင်းနှင့် အလုပ် ရှင်အသစ်အကြား ညှိနှိုင်းပေးမှုအရ လုပ်ငန်းခွင်အသစ်သို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက် လုပ်ကိုင်နိုင်ခဲ့ကြပါသည်။

 

၆။      မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် ဂျပန်နိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား များ၏ အကျိုးစီးပွားနှင့် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များကို ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိရာ အီရှိကာဝါငလျင်နှင့်ပတ်သက်၍ မြန်မာ အစိုးရ၊ မြန်မာသံရုံး၊ တိုကျိုမြို့တို့၏ ဆောင်ရွက်ချက်များနှင့် ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံ သားများအတွက် သံရုံးမှ ကူညီဆောင်ရွက်ပေးခဲ့မှုအခြေအနေများကို သိရှိနိုင်ပါရန် မှတ်တမ်း ဓာတ်ပုံများနှင့်အတူ ဖော်ပြအပ်ပါသည်။

 

*****

 

 

မြန်မာအစိုးရမှ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ၁ သိန်းအား သံအမတ်ကြီးဦးစိုးဟန်မှ ဂျပန်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ Mr. Atsushi Seike ထံသို့ လွှဲပြောင်းပေးအပ်သည့် မှတ်တမ်း

(၁၁-၃-၂၀၂၄)

 

 

 

 

သံအမတ်ကြီး ဦးစိုးဟန်မှ နာနာအို မြို့တော်ဝန် Mr. Yoshitaka ထံသို့ သံရုံးဝန်ထမ်းများ၊ ပညာတော်သင်များ၊ မြန်မာကုမ္ပဏီများ၏ စုပေါင်းလှူဒါန်းမှု ယန်း ၁.၉၈ သန်းအား ပေးအပ်လှူဒါန်းသည့် မှတ်တမ်း

(၂၀-၁-၂၀၂၄)

 

 

 

 

 

ငလျင်ဒဏ်ခံစားခဲ့ရသည့် အီရှီကာဝါပြည်နယ်၊ ရှီကာမြို့တွင် နေထိုင်အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအား သံအမတ်ကြီး ဦးစိုးဟန်မှ အစားသောက်များ၊ သောက်ရေသန့်နှင့် ဆေးဝါးများ ပေးအပ်လှူဒါန်းသည့် မှတ်တမ်း

(၂၇-၁-၂၀၂၄)

 

 

 

 

 

 

ငလျင်ဒဏ်ခံစားခဲ့ရသည့် အီရှီကာဝါပြည်နယ်၊ နာနာအိုမြို့တွင် နေထိုင်အလုပ်လုပ်ကိုင်နေကြပြီး ကာနာဇာဝါမြို့တွင် ပြောင်းရွှေ့နေထိုင်နေကြသော မြန်မာနိုင်ငံသားများအား သံအမတ်ကြီး ဦးစိုးဟန်မှ အစားသောက်များ၊ သောက်ရေသန့်နှင့် ဆေးဝါးများ ပေးအပ်လှူဒါန်းသည့် မှတ်တမ်း

(၂၇-၁-၂၀၂၄)

 

 

 

 

 

မြန်မာနိုင်ငံသား(၇) ဦးလုပ်ငန်းခွင်အသစ်သို့ ပြောင်းရွှေ့လုပ်ကိုင်နိုင်ရေးအတွက် မြန်မာသံရုံးမှ သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့မှုမှတ်တမ်း

 

 

 

 

မြန်မာနိုင်ငံသား(၇) ဦးလုပ်ငန်းခွင်အသစ်သို့ ပြောင်းရွှေ့လုပ်ကိုင်နိုင်ရေးအတွက် မြန်မာသံရုံးမှ သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့မှုမှတ်တမ်း

 

 

 

 

 

သံရုံး၏ ညှိနှိုင်းပေးမှုအရ လုပ်ငန်းခွင်ပြောင်းရွှေ့ခွင့်ရပြီး လုပ်ငန်းခွင်အသစ်တွင် စတင်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ

 

 

 

 

သံရုံး၏ ညှိနှိုင်းပေးမှုအရ လုပ်ငန်းခွင်ပြောင်းရွှေ့ခွင့်ရပြီး လုပ်ငန်းခွင်အသစ်တွင် စတင်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ